ဥရောပနှင့်နိုင်ငံခြားရေး၀န်ကြီး Mr. Jean-Yves Le Drian ၏ ထုတ်ပြန်ကြေငြာချက် (၂၉. ၀၃. ၂၀၂၁)
မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများနှင့် ပြည်သူလူထုအပေါ်ကျူးလွန်သည့် ကြီးလေးသောပြစ်မှုများကို ပြင်သစ်က ပြင်းထန်စွာ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကျွန်ုပ်ထပ်မံပြောကြားလိုပါသည်။
ပြီးခဲ့သည့်စနေနေ့က မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ကလေးငယ်များအပါအ၀င် ပြည်သူတစ်ရာကျော် သေဆုံးသည့် တဇောက်ကန်း သတ်ဖြတ် အကြမ်းဖက်မှုများကို လက်နက်များအသုံးပြုတိုက်ခိုက်ခြင်းဖြင့် တစ်ဆင့်တက်ထပ်မံပြုလုပ်ခဲ့သည်။ ၎င်းတို့သည် တပ်မတော်နေ့အချိန်အခါတွင် ၎င်းတို့၏ အဓိကတာဝန်ဖြစ်သော ပြည်သူတို့ကိုကာကွယ်ခြင်းဆိုသောတာဝန်ကို ဖေါက်ဖျက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ သေဆုံးသူဦးရေမှာ ပိုမိုမြင့်မားလာခဲ့ပြီး မြန်မာနိုင်ငံသည် ဝမ်းနည်းကြေကွဲဖွယ် နက်ရှိုင်းသောအဖြစ်ဆိုးကြီးထဲသို့ တစ်နေ့ပြီးတစ်နေ့ ပိုမိုနစ်မြုပ်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ဥရောပနှင့်အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများက စီးပွားရေးပိတ်ဆို့မှုများကိုပြုလုပ်ထားပြီးဖြစ်သည်အလျောက် ဤရက်စက်ကြမ်းကြုတ်သောဖိနှိပ်မှုအား ပြင်းထန်စွာရှုတ်ချကြောင်းကြေငြာခြင်းများနှင့်အတူ အကြမ်းဖက်မှုများကိုအဆုံးသတ်ရန်၊ နိုင်ငံရေးအကျဉ်းသားများအားခြွင်းချက်မရှိအမြန်ပြန်လွှတ်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပြန်လည်ထူထောင်ရေးနှင့်ဒီမိုကရေစီအစဉ်အလာများအား ပြန်လည်စတင်ရန် မြန်မာစစ်တပ်ကို တိုက်တွန်းပြောကြားလိုက်ပါသည်။
မြန်မာနိုင်ငံသားများ၏ တရားဝင်ရည်မှန်းချက်များကိုပံ့ပိုးရန် ပြင်သစ်နိုင်ငံသည် ဥရောပနှင့်နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ကြိုးပမ်းသွားပါမည်။