ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၏ကြေညာချက်

လွန်ခဲ့သည့် (၃)နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ တွင် မြန်မာစစ်တပ်သည် ဒီမိုက‌ရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့်အစိုးရကိုအင်အားသုံးပြီးဖြုတ်ချခဲ့သည်။

စစ်တပ်၏ထိုလုပ်ရပ်သည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းတိုးတက်မှုကို ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကြီးများအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ကျရောက်စေခဲ့သည့်အပြင် မြန်မာနိုင်ငံ သာမက‌ ဒေသတွင်းတည်ငြိမ်မှုကိုပါ သိသိသာသာခြိမ်းခြောက်လာခဲ့သည်။ ဥရောပသမဂ္ဂသည်အာဏာသိမ်းမှုနှင့် ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို အပြင်းထန်ဆုံး ရှုတ်ချခြင်းကို ထပ်လောင်းအတည်ပြုပါသည်။ ဆက်လက်တိုးမြင့်ဖြစ်ပွားလာနေသည့်အကြမ်းဖက်မှုများ နှင့် ကာလကြာရှည် ပဋိပက္ခသို့ ဦးတည်ပြီးဆင့်ကဲပြောင်းလဲနေခြင်းတို့ အပေါ် ကျွန်ုပ်တို့၏အလေးအနက် စိုးရိမ်ပူပန်မှုများဆက်လက်ရှိနေပါသည်။

မြန်မာစစ်တပ်၏ ပြည်သူလူထု အပေါ် (စစ်ရေးပစ်မှတ် အရပ်ဖက်ပစ်မှတ် မခွဲခြားဘဲ) ဖိနှိပ်အကြမ်းဖက်မှုများသည် အခြေခံလူ့အခွင့်အရေးများကိုပြင်းထန်စွာချိုးဖောက်မှုဖြစ်ပြီး တရားမျှတမှုနှင့်လူသားဆန်မှုတို့ကို ပြောင်ပြောင်တင်းတင်းဗြောင်ကျကျ
အလေးမထား ဂရုမစိုက်ခြင်းပင် ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် ဥပ‌ဒေမဲ့ သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးမှုများ၊ လိင်နှင့် ကျား-မအခြေပြု အကြမ်းဖက်မှုများ၊ ကိုယ်ထိလက်ရောက် အလွဲသုံးစားပြုမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနှင့် သတင်းထောက်များကို နှိပ်ကွပ်မှုများ၊ လေကြောင်းမှဗုံးကြဲမှုများ ၊ ကလေးသူငယ်များနှင့် စစ်ဘေးရှောင်များ ရှိရာ လူဦးရေထူထပ်သည့် နေရာများကို အမြှောက်နှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ က မြန်မာစစ်တပ်၏ ၎င်းက ကာကွယ်စောင့်ရှောက်ရမည့် ပြည်သူလူထု ကို စနစ်တကျ အကြမ်းဖက်နေခြင်းကို ထင်ထင်ရှားရှားဖော်ပြနေသည်။ မြန်မာစစ်တပ်သည် ဒီမိုကရေစီနှင့်တည်ငြိမ်အေးချမ်းမှုတို့၏အခြေခံအုတ်မြစ်များဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့် နှင့် လွတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းခွင့် တို့ ကိုလည်း ဖိနှိပ်လျက်ရှိပြီး ရိုဟင်ဂျာနှင့် အခြားလူနည်းစု များကိုလည်းခွဲခြားဆက်ဆံလျက်ရှိသည်။

ယခုအခါ မြန်မာနိုင်ငံ တွင် လူဦးရေ (၂.၆) သန်းကျော်မှာ မိမိတို့ နေအိမ်များမှ ပြောင်းရွှေ့ နေရပြီး ၎င်းတို့အနက်(၂.၃) သန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက အတင်းအကျပ်ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်ပါသည်။ လူဦးရေ ၇၀,၀၀၀ ကျော်မှာအိမ်နီးခြင်းနိုင်ငံများသို့ ဒုက္ခသည် များအဖြစ်ထွက်ပြေးခဲ့ရပြီး ရိုဟင်ဂျာ (၁) သန်းကျော်မှာ ဘင်္ဂလား‌ဒေ့ရှ် တွင် ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ တဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသည့် ရွှေ့ပြောင်းနေထိုင်နေရသူများ ကို လျင်မြန် ဘေးကင်းပြီး အဟန့်အတားမရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များရရှိ စေရေးကိုမြန်မာစစ်တပ်ဆက်လက်ဟန့်တားလျက် ရှိပြီး၊ ၎င်းကလိုက်နာရန်တာဝန်ရှိသည့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက် နေသည်။ ဥရောပသမဂ္ဂသည် မြန်မာပြည်သားများကို လူသားဆန်မှု၊ သမာသမတ်ကျမှု နှင့် လွတ်လပ်မှု ဆိုသည့် အခြေခံမူများဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပေးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုအဆိုပါ အခြေခံမူများဖြင့်အညီ ပေးအပ်ရမည်ဖြစ်ပါသည်။

အာဆီယံဘုံသဘောတူညီချက် (၅) ချက် ကတောင်းဆိုထားသည့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေနွေးမှု ကို အကောင်အထည်ဖော်ရန် မြန်မာစစ်တပ် က ဆက်လက် ဟန့်တား နေဆဲဖြစ်သည်။ အကြမ်းဖက်မှု အားလုံးကို ချက်ချင်း ရပ်တန့် ခြင်း၊ မတရားဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ နှင့် နိုင်ထက်စီးနင်း ဖမ်းဆီးခံထားသူများ အားလုံးကို ခြွင်းချက်မရှိချက်ချင်းလွှတ်ပေးခြင်း၊ လူ့အခွင့်အရေး ကိုလေးစားလိုက်နာခြင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ နိုင်ငံ‌ရေးပါတီများ ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ ၊ ဘာသာရေးနှင့် လူနည်းစုခေါင်းဆောင်များ ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့များနှင့် မြန်မာနိုင်ငံရှိ အခြားသောသက်ဆိုင်သူများပါဝင်သည့် အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေနွေးမှု ကိုဖော်ဆောင်ခြင်း တို့ကသာလျင် ကာလကြာရှည် ပဋိပက္ခမှလွတ်မြောက်၍ မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် ထင်ဟပ်စေမည့် အဓိပ္ပာယ်ပြည့်ဝသော ဒီမိုကရေစီ လုပ်ငန်းစဉ်အတွက် လမ်းကြောင်းကိုဖော်ဆောင်နိုင်ရန် တခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ဤသို့ ဖြစ်စေရန် ဥရောပသမဂ္ဂသည် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကိုဆက်လက်ထောက်ခံပြီး ငြိမ်းချမ်းသည့်အဖြေရှာဖွေရန် ဒေသတွင်းနိုင်ငံအားလုံးနှင့်နိုင်ငံတကာအသိုက်အဝန်းကိုဖိတ်ခေါ်ပါသည်။ မြန်မာနိုင်ငံ အကျပ်အတည်းကိုဖြေရှင်းရန်ဆိုသည့်ရှုမြင်ချက်အတိုင်း ၊ မကြာသေးမီက ခန့်အပ်လိုက်သောအာဆီယံအထူးကိုယ်စားလှယ်၏ဆောင်ရွက်ချက်များ နှင့် ယုံကြည်ထိုက်ပြီးအားလုံးပါဝင်သည့်မည်သည့်ဖျန်‌ဖြေမှုဖြစ်စဥ်ကိုမဆို ဥရောပသမဂ္ဂ က ထိရောက်စွာ ပံ့ပိုးကူညီရန် အဆင်သင့် ရှိနေပါသည်။

ဥရောပသမဂ္ဂသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ဖြစ်စေသည့် စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်စေရန်အတွက် လက်နက်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ၏ ကြိုတင်ကာကွယ်မှု လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ရန် ထပ်မံတောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ခန့်အပ်ခြင်း ၊ ကုလသမဂ္ဂမြန်မာနိုင်ငံဌာနေညှိနှိုင်းရေးမှူးခန့်ထားခြင်း နှင့် စစ်တပ်၏ရာဇဝတ်မှုများကို တာဝန်ယူမှုတာဝန်ခံမှု ရှိစေရေး အတွက် ဆက်လက် အရေးယူ ဆောင်ရွက်ခြင်းတို့ ဖြင့် ကုလသမဂ္ဂ၏ထိရောက်သည့်အခန်းကဏ္ဍကို ဥရောပသမဂ္ဂ က အားပေးပါသည်။

မြန်မာနိုင်ငံတွင်ဖြစ်ထွန်းတိုးတက်မှုများမရှိခြင်းကြောင့် ၊ ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်သူများနှင့် ဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေသူများကို နောက်ထပ် တင်းကျပ်သည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် ဥရောပသမဂ္ဂ က အဆင်သင့် ရှိနေပါသည်။

ဤ ဝမ်းနည်းဖွယ်ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် မြန်မာနိုင်ငံမှ ပြည်သူများ၏ လွတ်လပ် ငြိမ်းချမ်းသည့် ဒီမိုက‌ရက်တစ် အနာဂတ်ဆီသို့ ရောက်ရှိရန်ကြိုးပမ်းမှုများအတွက် ဥရောပသမဂ္ဂ ၏ မယိမ်းမယိုင်ကြံ့ခိုင်သော ကတိကဝတ် ကို ထပ်လောင်းအတည်ပြုလိုက်ပါသည်။

ရေးသားသည့်ရက်စွဲ 01/02/2024

အထက်ဆုံးစာမျက်နှာသို့