ပထမဦးဆုံး အရှေ့တောင်အာရှ ရှေးဟောင်း DNA ဆိုင်ရာ လေ့လာမှုတွင် ပြင်သစ်-မြန်မာ ရှေးဟောင်းသုတေသနစီမံကိန်း၏ ပူးပေါင်းဆောင်ရွက်မှု

ပြင်သစ်-မြန်မာ ရှေးဟောင်းသုတေသန ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းသည် အရှေ့တောင်အာရှမှ ရှေးဦးလူသား DNA တို့၏ မျိုးရိုးဗီဇအစုများကို မကြာသေးမီက ပထမဆုံးအကြိမ် လေ့လာရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပထဝီအနေအထားနှင့် ရေမြေပတ်ဝန်းကျင် မတူကွဲပြားမှုများကြောင့် အရှေ့တောင်အာရှသည် ရှုပ်ထွေးနက်နဲလှသည့် လူဦးရေသမိုင်းကြောင်းတစ်ရပ် ပိုင်ဆိုင်ထားပါသည်။ ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့၌ ထင်ရှားကျော်ကြားသည့် သိပ္ပံစာစောင်တစ်ခုဖြစ်သော Lipson et al. ၏ အွန်လိုင်းတွင် ရေးသားဖော်ထုတ်ခဲ့သည့် ကနဦးတွေ့ရှိချက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀၀ ကျော်က အရေးပါသည့် ရွေ့ပြောင်းနေထိုင်မှုဖြစ်စဉ်ကြီး အနည်းဆုံး သုံးရပ်ကို မှတ်တမ်းတင်ထားပါသည်။
ရှေးဦး DNA များသည် အပူပိုင်းရာသီဥတုရှိရာ အရပ်များတွင် ကြာရှည်တည်တံ့နိုင်မှု နည်းပါးလှသည့် အလျောက် မကြာသေးမီက တူးဖော်တွေ့ရှိခဲ့မှုများကို စိစစ်စမ်းသပ်ခဲ့သည့် အကြိမ်ရေ ရာပေါင်းများစွာ အနက် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ တွေ့ရှိမှု ၁၈ ခုသာလျှင် စိစစ်စမ်းသပ်မှုများကို အောင်မြင်ခဲ့ပါသည်။ ပြင်သစ်-မြန်မာအဖွဲ့သည် ၂၀၁၅ ခုနှစ်၌ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အုတ်အိုင်သင်္ချိုင်းတွင် ကျောက်ခေတ်သစ်နှောင်းပိုင်းနှင့် ကြေးခေတ်အစောပိုင်း ကာလမှ ရုပ်ကြွင်းပုံစံ ၂ ခု ဖြစ်သည့် အမျိုးသမီးငယ်ရုပ်ကြွင်း “S28” နှင့် အမျိုးသမီးကြီးရုပ်ကြွင်း “S29” တို့ကို တူးဖော်တွေ့ရှိခဲ့ပါသည်။ ယင်း “S28” နှင့် “S29” တို့သည် သတ္တုအသုံးပြုမှု မစတင်သေးမီ ဘီစီ ၂၀၀၀ ဝန်းကျင်အဆုံး ကျောက်ခေတ်သစ်နှောင်းပိုင်းတွင် ရှင်သန်ခဲ့လိမ့်မည်ဟု ခန့်မှန်းရပါသည်။ ယင်းတို့နှစ်ဦးကို အခေါင်းတစ်ခုအတွင်း ထည့်၍သော်လည်းကောင်း၊ အလောင်းကို ပိတ်စဖြင့်စည်း၍သော်လည်းကောင်း ဘေးတွင် အိုးတစ်အိုး သို့မဟုတ် နှစ်အိုး အတူထားရှိကာ မြေမြုပ်သင်္ဂြိုဟ်ထားပါသည်။
အရှေ့တောင်အာရှကုန်းတွင်းပိုင်း ကျောက်ခေတ်သစ်ဆိုင်ရာ ယေဘုယျပုံစံသည် ဘီစီ ၃၀၀၀ နှောင်းပိုင်းနှင့် ၂၀၀၀ ဦးပိုင်းကာလ၌ မျက်မှောက်ခေတ် တရုတ်နိုင်ငံတောင်ပိုင်းအရပ်တွင် နေထိုင်ကြသော သြစတြိုအာရှဘာသာစကားပြော၍ ဆန်စပါးနှင့် နှံစားပြောင်းစိုက်ပျိုးသည့် လူများ တောင်ဘက်အတိုင်း ရွှေ့ပြောင်းလာခဲ့ကြသည့် ပုံစံပင်ဖြစ်ပါသည်။ မူလကတည်းက နေထိုင်နေကြသည့် အမဲလိုက်ခြင်းဖြင့် အသက်မွေးသော လူ့အဖွဲ့အစည်းများနှင့် ယင်းကဲ့သို့ ရွှေ့ပြောင်းလာကြသည့် စိုက်ပျိုးရေးလုပ်ကိုင်သူများ အတူပေါင်းစည်းနေထိုင်ကြရင်း သွေးနှောမှုများရှိလာသည့်အကြောင်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရှေးဟောင်းသုတေသနဆိုင်ရာနှင့် ဘာသာဗေဒဆိုင်ရာ အထောက်အထားကောင်းများ ရှိပါသည်။ aDNA အချက်အလက်သစ်များသည် ယင်းယေဘုယျပုံစံကို အထောက်အကူပြုနေပါသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ ရုပ်ကြွင်းများတွင်မူ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် တွေ့ရှိခဲ့ရသည့် လေ့လာမှုများနှင့် နှိုင်းယှဉ်နိုင်မည့် ရှေးဟောင်း DNA များ ပါရှိမနေပါ။ အရှေ့တောင်အာရှတွင် ကျောက်ခေတ်သစ် အစပြုပြီးနောက် နှစ်ပေါင်း ၁၀၀၀ ခန့် ကြာပြီးသည့် အခါမှ ယင်းကျောက်ခေတ်သစ်ရုပ်ကြွင်းများကို သက်တမ်းသတ်မှတ်ခဲ့သည့်အတွက် ဖြစ်ပါသည်။ ယင်းတို့၏ DNA များသည် မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေကြသူများအပါအဝင် ဆိုင်နို-တိဘက်တန် စကားပြောသူများ နှင့် ပိုမိုနီးစပ်လျက်ရှိပါသည်။
“ဒါတွေက မြန်မာပြည်မှာ ပထမဆုံးတွေ့ရတဲ့ aDNA အချက်အလက်တွေပါပဲ။ နမူနာပုံစံ အရေအတွက် ကတော့ တော်တော်လေးနည်းပါတယ်။ အဲ့ဒီအတွက်ကြောင့် ရလဒ်တွေကို နားလည်အောင် ကြိုးစားရာမှာ အင်မတန်သတိထားရပါတယ်” ဟု ပြင်သစ်-မြန်မာစီမံကိန်းအဖွဲ့၏ ညွှန်ကြားရေးမှူး ဒေါက်တာ T. O. Pryce က ဆိုပါသည်။ သို့သော်လည်း အချက်အလက်များကို ကနဦးလေ့လာမှုအရ အထက်မြန်မာနိုင်ငံ အလယ်ပိုင်းသည် အခြားအရှေ့တောင်အာရှကုန်းတွင်းပိုင်းအရပ်တို့နှင့် ကွဲပြားသည့် ကျောက်ခေတ်သစ် ရွှေ့ပြောင်းနေထိုင်မှုဖြစ်စဉ် အနည်းဆုံးတစ်ရပ် ရှိခဲ့နိုင်ပါသည်။ ယင်းဖြစ်စဉ်အရ စိုက်ပျိုးရေးလုပ်ကိုင်သည့် လူများ ရွှေ့ပြောင်းလာရာ၌ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌ကဲ့သို့ ကျောက်ခေတ်သစ် အစပြုချိန်တွင် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းလမ်းကြောင်းမှ ရွှေ့ပြောင်းလာသည်ဆိုသည့် ဖြစ်စဉ်မျိုးထက် ယခု တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှတဆင့် ရွှေ့ပြောင်းလာခြင်း ဖြစ်နိုင်ပါသည်။ “အရှေ့တောင်အာရှ သမိုင်းကြောင်းနဲ့ပတ်သက်လို့ သိမ်မွေ့နက်နဲပြီး အရေးပါတဲ့ ကွဲပြားမှုတွေကို ဖော်ထုတ်ခြင်းဟာ ပြင်သစ်-မြန်မာ ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေထဲက အဓိကကဏ္ဍတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံဟာ အဲ့လုပ်ငန်းတွေလုပ်ဖို့ အင်မတန် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ နေရာဖြစ်ပါတယ်။ ကျွန်တော်နဲ့ ပူးပေါင်း ဆောင်ရွက်ပေးကြတဲ့ ကမ္ဘာအနှံ့က သိပ္ပံပညာရှင်မိတ်ဆွေတွေ၊ ပြင်သစ်နိုင်ငံကနေပြီး ငွေကြေးပံ့ပိုးပေးတဲ့ မိတ်ဖက်တွေ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ရှေးဟောင်းသုတေသနလုပ်ငန်းတွေ ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပေးကြတဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဒေသခံတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ဒေါက်တာ Pryce က ဆက်လက်ပြောကြားပါသည်။
မျိုးဗီဇလေ့လာမှုများကို ဟားဗတ်တက္ကသိုလ်နှင့် ဗီယင်နာတက္ကသိုလ်တို့မှ သုတေသီများက ဦးဆောင် ပါသည်။ ပြင်သစ်-မြန်မာစီမံကိန်းကို ပြင်သစ်နိုင်ငံ အမျိုးသားသိပ္ပံသုတေသနစင်တာနှင့် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ရှေးဟောင်းသုတေသနဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အဖြစ် ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပါသည်။ အုတ်အိုင်တွင် တူးဖော်မှုများအား ပြင်သစ်နိုင်ငံ၏ ဥရောပရေးရာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးခဲ့ပြီး ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှု ဌာနက စီမံခန့်ခွဲရေးတာဝန်များ ဆောင်ရွက်ပေးခဲ့ပါသည်။ နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ခွင့်ပြုမိန့်များအားလုံးကို ထုတ်ပေးခဲ့ပါသည်။

JPEG
JPEG
JPEG
Figure 3: Adapted from Lipson et al 2018: Fig. 1.Overview of samples. (A) PCA with East and Southeast Asians. We projected the ancient samples onto axes computed using the present-day populations (with the exception of Mlabri, who were projected instead due to their large population-specific drift). Present-day colours indicate language family affiliation: green, Austroasiatic; blue, Austronesian; orange, Hmong-Mien; black, Sino-Tibetan; magenta, Tai-Kadai. (B) Locations and dates of ancient individuals. Overlapping positions are shifted slightly for visibility.

ရေးသားသည့်ရက်စွဲ 15/06/2018

အထက်ဆုံးစာမျက်နှာသို့